အဖွဲ.ချုပ်သမိုင်းအကျဉ်း
သာသနာရောက်ရှိလာပုံ။
၁၈၇၈ခုနှစ်တွင် အမေရိကန်သာသနာပြုဆရာ ဖြစ်သော ဆရာကြီးနှင့် မမဖရိုက်ဒေး (J.A.Freiday) တို့သည် ရှမ်းလူမျိုးများအတွက် သာသနာပြုလုပ်ငန်းကို ဗန်းမော်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုနောက် ၁၈၈၁ ခုနှစ် တွင်ဆရာကြီးသည် ခက်ခဲ ကြမ်းတမ်းသော တောတောင်များကိုဖြတ်ကျော်ကာ၊ ရွှေလီမြစ်ဝှမ်းရှိ ရှမ်းလူမျိုးများအား ဧဝံဂေလိတရားတော်မြတ်ကို ဦးစွာဟောကြားခဲ့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း သမိုင်းတွင်ဖော်ပြထားပါသည်။
၁၈၉၃ ခုနှစ်၊ မတ်လတွင် အမေရိကန်သာသနာပြုဆရာကြီး ဒေါက်တာဝီလ်ဘားကော့ဂရိန် (Wilbur W.Cochrane) နှင့်အတူရှမ်း၊ ကရင် ဆရာများဖြစ်သည့် ဆရာမြတ်၊ ဆရာကျော်တေး၊ ဆရာပွဲ၊ ဆရာစံငြိမ်း၊ ဆရာစံငယ်တို့သည်နမ့်ခမ်းမြို့သို့ ရောက်ရှိလာပြီး၊ ရွှေလီမြစ်ဝှမ်းရှိ ရှမ်းလူမျိုးများအတွက် သာသနာနယ်သစ်တစ်ခုကို နမ့်ခမ်းမြို့အရှေ့ဘက်ရှိနောင်စန့်ကုန်း တွင်စတင်အခြေချကာ သာသနာပြုလုပ်ငန်းကို လုပ်ဆောင်ခဲ့ပါသည်။ ဆရာကြီးသည် သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လူ့အကျိုးပြု အဓိကလုပ်ငန်းကဏ္ဍ(၃)ရပ်ဖြင့် သာသနာပြုခဲ့ပါသည်။ အမေရိကန်နှစ်ခြင်းသာသသနာပြု အသင်းကြီးမှ ဆက်လက် စေလွှတ်ခဲ့သည့် ရှမ်းသာသနာပြုဆရာ အများစုသည် ဆရာဝန်ကြီးများ ဖြစ်ကြပါသည်။ ၎င်းတို့မှာ Dr. M.B. Kirkpatrick, M.D. နှင့်သား Dr. C.A. Kirkapatrick, Dr.Walter Rittenhouse, Dr.Robert Harper နှင့် Dr. Gordon S. Seagrave တို့ဖြစ်ပါသည်။
တိုင်းရင်းသားအမှုတော်လုပ်ငန်း။
ရွှေလီမြစ်ဝှမ်းရှမ်းသာသနာလုပ်ငန်းအပေါ် ဘုရားသခင်၏ ကျေးဇူးမေတ္တာတော် သက်ရောက်သောကြောင့် ခရစ်တော်ကို လက်ခံယုံကြည်သောရှမ်းလူမျိုးများစုစည်းပြီး ရှမ်းအသင်းတော်ပေါ်ပေါက်ခဲ့ပါသည်။ စစ်မတိုင်မှီကာလတွင် ရှမ်းအသင်းတော်များ ကို နိုင်ငံခြားသာသနာပြုဆရာများ ဦးစီးဦးဆောင်ခဲ့ရာမှ သူတို့သည် မိမိနေရင်းတိုင်းပြည်သို့ ပြန်သွားပြီးနောက် သာသနာလုပ်ငန်းများကို တိုင်းရင်းသားခေါင်းဆောင်များက ပခုံးပြောင်းတာဝန်ယူလျက် ယနေ့ထိတိုင် ဦးစီးဆောင်ရွက်လျက်ရှိပါသည်။ ရှေးသာသနာ့ခေါင်းဆောင်များသည် ကျောင်းဆရာလုပ်ငန်းတဖက်နှင့် သော်လည်း ကောင်း သာသနာလုပ်ငန်းများကို အားသွန် ခွန်စိုက်ကြိုးပမ်း ဆက်ကပ်လျက်ဆောင်ရွက်ခဲ့ပါသည်။
၁၉၀၄ ခုနှစ်တွင် စယ်လန့်၌ ရှမ်းသာသနာလုပ်ငန်းသစ်တစ်ခုကို ဆရာဦးသာဒွန်းမိသားစုနှင့်တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၁၉၁၅ခုနှစ်တွင် မူဆယ်မြို့၌ ရှမ်းသာသနာလုပ်ငန်းကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ရာ၊ ဆရာဦးခမ်းမောင် ဦးဆောင်ခဲ့ပါသည်။ ၁၉၁၈ ခုနှစ်တွင် ပန်ခမ်းရွာ၌် ရှမ်းသာသနာကွင်းသစ်ကို ထပ်မံဖွင့်လှစ်ခဲ့ရာ၊ ဆက်ကပ်ဦးဆောင်သူများ ဆရာဦးထွန်းဖြူဖြစ်ပါသည်။ ၁၉၃၄ခုနှစ်တွင်နောင်စန့်ကုန်းရွာ၌ရှမ်းနှစ်ခြင်းအသင်းတော်ကို တည်ထောင်ခဲ့ရာ၊ ဦးဆောင်သူမှာ ဆရာတော်ဦးအိုက်ပန်း ဖြစ်ပါသည်။
၁၉၅၃-၁၉၅၈ခုနှစ်များတွင်နမ့်ခမ်းမြို့၊နောင်စန့်ကုန်း၌ရှမ်းကျမ်းစာသင်ကျောင်းကို ဆရာတော်ဦးအိုက်ပန်း ဦးစီးဖွင့်လှစ်ခဲ့ပြီး သာသနာပြုဆရာများကို ကချင်ပြည်နယ်ရှိ ဝိုင်းမော်၊ ခတ်ချို၊ မရန့်ရွာသို့စေလွှတ် ၍ သာသနာပြု လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် နမ့်ခမ်းမြို့၊ စာရေးတန်းရပ်၌ မြို့မရှမ်း နှစ်ခြင်းအသင်းတော်ကို စတင်တည်ထောင်ခဲ့ရာ၊ ဆရာတော်ဦးခမ်းယီက သင်းအုပ်အဖြစ်ဦးဆောင်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ဆရာဦးရီပွဲမိသားစု နှင့်တကွ ယုံကြည်သူမိသားစု (၄)အိမ်ဖြင့် မိုးမိတ်ရှမ်းသာသနာပြုလုပ်ငန်းကိုစတင်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် ဆရာတော်ဦးအောင်ထွန်းရွှေနှင့် လားရှိုးွနှစ်ခြင်းတပည့်တော်စုမှ သိန္နီမြို့နယ် မိုင်းပါးကွင်းသို့ ရှမ်းသာသနာလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပါသည်။
ရွှေလီရှမ်းနှစ်ခြင်းသာသနာအဖွဲ့ချုပ်သည် သာသနာပြုလုပ်ငန်းများကို တောင်ပေါ်မြေပြန့်ဒေသတွင် လုပ်ဆောင်ခွင့်ရရှိခဲ့ရသည်။ ၁၉၅၂ ခုနှစ်မှစတင်၍တရုတ်သာသနာပြုဆရာကြီး ဦးလောင်တုံးနှင့် ဦးလောင်ဆန် တို့သည်နမ့်ခမ်းတောင်ပေါ်ဒေသရှိလီရှောလူမျိုးများအား ခရစ်တော်အကြောင်းကို ဟောပြောသက်သေခံခြင်းဖြင့် သာသနာပြုခဲ့ပါသည်။ ယခုဆိုလျှင် တာကွန့်၊ မန့်ပိန်း-မောဝ်ဆောဖင့်၊ စံကားလီရှောနှစ်ခြင်းအသင်းတော်၊ ဝါလူ၊ ပန်းဆေး၊ ပန်ခါး-မန့်ပိန်းတပည့်တော်စုအဖြစ်ရပ်တည်ပြီး အမှုတော်လုပ်ငန်းများကို တက်အားရှိသရွေ့လုပ်ဆောင်လျက်ရှိပါသည်။
ပလောင်သာသနာပြုလုပ်ငန်းအနေနှင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဆရာကြီးဦးခမ်းမောင်နှင့် ဆရာဆန်တို့ သည်မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာကိုအခြေပြု၍ ဟောပြောသက်သေခံခဲ့ရာ ၁၉၅၂ ခုနှစ်တွင် ဆွဲ့ခမ်းပညာနှင့် ဇနီးတို့က ခရစ်တော်ကို ပထမဦးဆုံးလက်ခံယုံကြည့်ခဲ့ပါသည်။ ထို့နောက်ပလောင်လူငယ် မောင်တူးဂျာလည်း ထပ်ခံပြောင်းလဲလာပါသည်။ ၁၉၈၆ ခုနှစ်တွင် မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်၊ သာသနာပြုရေးဌာနနှင့် ပူးတွဲ၍ ပလောင်သာသနာလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ယခုတွင် ယုံကြည်သူများ တိုးပွားလာပြီး၊ လွယ်လမ်ရွာ၌သော်လည်းကောင်း၊ ဟိုနားသာသနာဝင်း၌သော်လည်းကောင်း ပလောင်ဘာသာစကားဖြင့် အပတ်စဉ် ဝတ်ပြုလျက်ရှိ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် ပလောင်နှစ်ခြင်းအသင်းတော်တစ်ပါးအတွက် ကျေးဇူးတော်ချီးမွမ်းနိုင်ရန် ဆက်ကပ်ပြင်ဆင်လျက်ရှိပါသည်။
သာသနာလုပ်ငန်း။
နှစ်ခြင်းအသင်းချုပ်၏ ခ. သ ၂၀၀၀ သာသနာစီမံကိန်းကို ရွှေလီရှမ်းနှစ်ခြင်းသာသနာအဖွဲ့ချုပ်အနေနှင့်ရက် (၄၀) ဧဝံဂေလိဆရာဖြစ်သင်တန်းကို (၅)ကြိမ် တိုင်တိုင်ဖွင့်လှစ်သင်ကြား၍ သာသနာကွင်း (၁၀)ကွင်းကို အခြေပြု၍ ဆက်ကပ်လုပ်ဆောင်ခဲ့ပါသည်။ နှစ်ခြင်းသာသနာ နှစ် (၂၀၀) ကို ဦးတည်၍ ၂၁ ရာစုသာသနာစီမံကိန်း အစီအစဉ်ဖြင့် စံပြသာသနာကွင်း(၇)ကွင်းကိုအခြေပြု၍ ဟောပြောသက်သေခံခြင်း၊ ပြုစုပျိုးထောင်းခြင်းကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်း၊ Casa စီမံကိန်း၊ စိုက်/မွေး သင်တန်းခြံလုပ်ငန်းစသည့်ဘက်စုံသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
အထူးသဖြင့် ၂၀၀၄ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ကျောင်းသူ/သား (၁၂)ဦးဖြင့် မူဆယ်မြို့၌ မြန်မာနိုင်ငံရှမ်းဓမ္မကောလိပ်ကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။
အဖွဲ့ချုပ်ဖွဲ့စည်းခြင်း
ရှမ်းယုံကြည်သူများ တစတစတိုးပွားလာပြီး၊ ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် အသင်းတော် (၃)ပါးဖြစ်သည့် နောင်စန့်ကုန်း၊ စယ်လန့်၊ မူဆယ် ရှမ်းနှစ်ခြင်းအသင်းတော်တို့ဖြင့် ရွှေလီရှမ်းနှစ်ခြင်းခရစ်ယာန်သာသနာ အဖွဲ့ချူပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ဆရာတော်ဦးအိုက်ပန်းက ဥက္ကဌနှင့် ဘဏ္ဍာထိန်းအဖြစ်လည်းကောင်း၊ ဆရာဦးခမ်းယီက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဆရာတော်ဦးခမ်းမောင်၊ ဆရာဦးအိုက်မွန်း၊ ဆရာဦးအိုက်စော၊ ဆရာဦးဆိုင်၊ ဆရာဆန်တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ဦးဆောင်ခဲ့ကြသည်။
“ထာဝရဘုရား၏ အမှုတော်ကိုဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။” (ဆာ ၁၀၀း၂) ဟူသော အဓိကအချက်ကိုဆင်ခြင်ခွန်အားယူ၍ အောက်ဖော်ပြပါအသင်းတော်များဖြင့် ဖွဲ့စည်းရပ်တည်လျက်ရှိပါသည်။ နောင်စန့်ကုန်း၊ မူဆယ်၊ စယ်လန့်၊ လားရှိုး၊ မိုင်းပါး၊ မိုင်းရယ်၊ မိုးကိုင်၊ မိုးမိတ်၊ ရန်ကုန်၊ မြို့မ၊ မန့်ပုံ ရှမ်းနှစ်ခြင်းအသင်းတော်၊ တရုတ်နှစ်ခြင်းအသင်းတော်၊ စံကား၊ တာကွန့်၊ မန့်ပိန်း လီရှောနှစ်ခြင်းအသင်းတော်။
သမိုင်းရေးသားပြုစုနေသည့်ကာလတွင် အဖွဲ့ချုပ်၏ အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၂၀၁၆-၂၀၁၉) ခုနှစ်သက်တမ်း
၁။ သိက္ခာတော်ရ ဆရာစိုင်းထွန်းကျော် – ဥက္ကဌ
၂။ သိက္ခာတော်ရ ဆရာစိုင်းကိန်းခမ်း – ဒု-ဥက္ကဌ
၃။ သိက္ခာတော်ရ ဆရာစိုင်းအောင်ဝင်း – အထွေထွေအတွင်းရေးမှူး
၄။ သိက္ခာတော်ရ ဆရာစိုင်းအောင်သိန်းဦး – တွဲဘက်အထွေထွေအတွင်းရေးမှူး
၅။ ဒေါ်ကြာညို – ဘဏ္ဍာထိန်း
၆။ ဦးစိုင်းသောင်းညွန့် – စာရင်းစစ် (၁)
၇။ ဒေါ်အေးရွှေ – စာရင်းစစ် (၂)
၈။ ဒေါ်ဂေါ်ဒီ – အဖွဲ့ဝင်
၉။ ဒေါ်မိုငင်း – အဖွဲ့ဝင်
ဌာနတာဝန်ခံများ။
၁။ ဓမ္မအမှုတော်ဆောင်များဌာန – သိက္ခာတော်ရဆရာစိုင်းထွန်းကျော်၊ ဆရာမဒေါ်ရွှေထွေး
၂။ ဧဝံဂေလိနှင့်သာသနာပြုရေးဌာန – သိက္ခာတော်ရ ဆရာစိုင်းတင်လှ ၊ သိက္ခာတော်ရဆရာစိုင်းအောင်သိန်းဦး
၃။ အမျိုးသားဌာန – ဆရာစိုင်းဘိုးမောင်၊ ဆရာစိုင်းသိန်းနိုင်ဦး
၄။ အမျိုးသမီးဌာန – ဆရာမ ဒေါ်နန်းငွေကြည်
၅။ လူငယ်ဌာန – ဆရာမနန်းမိုငင်း
၆။ ခရစ်ယာန်ဓမ္မပညာဌာန – ဆရာမဒေါ်နန်းစန္ဒာ
၇။ ခရစ်ယာန်လူမူဝန်းထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာန – ဆရာစိုင်းလာဒါဝိဒ်